စလင်းမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

စလင်း စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီ ၁၅ အချိန်က အမှတ်(၁)အထက်တန်းကျောင်း မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံဖြိုးတိုးတက်စေရန်၊ နှုတ်မူစွမ်းရည်တိုးတက်၍ စကားပြော အတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းတို့က ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း

Grade-10 မှ၊ ကျောင်းသား၊ ကျောင်းသူ မရတနာဦးက လူငယ်နှင့်ယဥ်ကျေးမှု၊ မယွန်းနဒီကျော်က လူငယ်နှင့်စာပေ၊ မောင်အောင်ဆက်ပိုင်က လူငယ်နှင့်နည်းပညာ၊ မမြတ်ကေသီဖြိုးက လူငယ်နှင့်ပညာရေး၊ မောင်နိုင်သက်အောင်က လူငယ်နှင့်အားကစား၊ မောင်အောင်မျိုးထတ်က လူငယ်နှင့်စာရိတ္တ၊ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသည့်  ကျောင်းသား၊ ကျောင်းသူကလေးများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် ကျောင်းသားလူငယ်များအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုကြကြောင်း သိရှိရသည်။

မောင်လွင်