ဇလွန် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဆီထွက်သီးနှံ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်း တာဝန်ပေးအပ်ခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ စိုက်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး ဦးနိုင်ကျော်စိုးက ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးခြင်းနည်းစနစ်နှင့် နေကြာမျိုးစေ့ရရှိရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဇလွန်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် စီမံကိန်းတာဝန်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)