မုံရွာ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင်၌ စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက တက်ရောက်လာကြသော ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီများကို နိုင်ငံတော်က သတ်မှတ်သည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြည်သူလက်ဝယ်သို့ စနစ်တကျရောင်းချပေးကြရန်၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှလည်း အားလုံးပူးပေါင်းကြီးကြပ်စစ်ဆေးဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည့်အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် စက်သုံးဆီလုပ်ငန်းရှင်များက လုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေနွေးတင်ပြမှုများအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဆုံဖြတ်ချက် (၅) ခုအားအတည်ပြုနိုင်ခဲ့ပြီး မုံရွာခရိုင်အတွင်းရှိ ပြည်သူများအတွက် စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အထူးအလေးထား၍ ခရိုင်မြို့နယ်ဌာနဆိုင်ရာ ကြီးကြပ်စစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းအကောင်အထည်ဖော် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)