အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

အောင်လံ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူငယ်များဗလငါးတန်နှင့်ပြည်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ ၌ ကျင်းပခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးသန့်မိုးက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးသိန်းက လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားရရှိစေနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွှတ်ပြီး ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေနိုင်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် G-10 ကျောင်းသား မောင်သက်ဝေလင်းက “လူငယ်နှင့်အချိန်၏တန်ဖိုး”၊ G-10 ကျောင်းသူ မမေယမင်းအောင် က“လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ G-10 ကျောင်းသား မောင်သက်ပြည့်စုံအောင်က “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ G-10ကျောင်းသူ မဖြူဖြူခင် က“လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)