ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချကာ ဆက်လက်ရောင်းချပေး

ကန့်ဘလူ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေ ပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ဆီကုန်သည်များနှင့် ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားသုံးဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားကို ၂၅၀၀ ကျပ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး  လူဦးရေ ၆၀၄ ဦးအတွက် စားသုံးဆီ ၃၀၂ ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသူ ဝေဒနာရှင်များအား ကျန်းမာရေးဝန်ထမ်းများက အခမဲ့ ကျန်းမာရေး စမ်းသပ်စစ်ဆေး ကုသ​ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)