ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံရေးအထူးဂရုပြုကြရန်၊ ကျေးရွာများသန့်ရှင်းသာယာရေးလုပ်ငန်းများ အပတ်စဥ်စုပေါင်းဆောင်ရွက်သွားကြရန်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများအား ဆွေးနွေးမှာကြားခဲ့ပြီး ​ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာဒေသမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မိုးစပါးများစိုက်ပျိုးပြီးစီးမှုကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့် ရောဂါပိုမွှားကာကွယ်ရေးနည်းလမ်းများ၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးဝန်ထမ်းများက သိရှိလိုသည်များကို ဆွေနွေးမေးမြန်းခဲ့ရာ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း