လွိုင်ကော် စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ် (လွိုင်ကော်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) သို့သွားရောက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (လွိုင်ကော်) သို့ သွားရောက်ခဲ့ရာ ကျောင်းပရိဝုဏ်အတွင်း ကျောင်းသား (၁၆၀) ဦးဆံ့ နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုများကို တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ် (လွိုင်ကော်) ကျောင်းဝန်းအတွင်း၌ ကျောင်းသားအိပ်ဆောင်သစ် တည်ဆောက်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးစေရေးနှင့် အရည်အသွေးများ ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ နေထိုင်၍ ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးသွားကြရန် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကျောင်းအတွင်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ၌ ကျင်းပပြုလုပ်သည့် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားကြရန်နှင့် ကျောင်းသားလူငယ်များက နိုင်ငံ့နှင့်ပြည်နယ်ဂုဏ်ဆောင် အားကစားထူးချွန်သူများ၊ လူရည်ချွန်များဖြစ်အောင် ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါသင်တန်းကျောင်းအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ဆရာ ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ၊ အားကစားနည်းများအလိုက် အသုံးပြုသောပစ္စည်းများ၊ ကျောင်းဝင်းအတွင်းရှိ သင်တန်းသား၊ သင်တန်းသူများ၏ အိပ်ဆောင်၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် အားကစား ခန်းမအတွင်း အားကစားသမားများက အားကစားနည်းများအလိုက် လေ့ကျင့်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားများ ဖြစ်အောင်ကြိုးစားသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)