မင်းလှမြို့နယ် မလွန်ကျေးရွာတွင် "စားသုံးဆီ" တစ်ပိဿာလျှင် ၄၇၀၀ကျပ်ဖြင့် (၁၁၀၀)ပိဿာ ရောင်းချပေး

အထက်မင်းလှ  စက်တင်ဘာ  ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦး‌ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အခြေခံစားကုန် စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က မလွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ မြေကွက်လပ်၌ ရောင်းချပေးခဲ့သည်။

ထိုသို့ စားသုံးဆီများ ရောင်းချရာတွင်  မလွန်ကျေးရွာအုပ်စုအတွင်းရှိ မလွန်၊ ကတ၊ ညောင်ပင်ကျင်း၊ သက်ကယ်ကျင်းကျေးရွာများ ရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများထံတွင် လက်မှတ်များရယူ၍ ကာလပေါက် စျေးထက် စျေးနှုန်းလျှော့ချကာ  စားသုံးဆီတစ်ပိသာလျှင်(၄၇၀၀)ကျပ်နှုန်းဖြင့် ဆီပိဿာ (၁၁၀၀) ပိဿာ၊ အိမ်ထောင်စု(၁၁၀၀)စုအား ရောင်းချပေးခဲ့သည်။

အဆိုပါစားသုံးဆီများကို  ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ပြည်သူများအား ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)