အုတ်တွင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် ရေအသုံးချသူများအဖွဲ့(WUG)တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အုတ်ဖိုကျေးရွာအုပ်စု တလုတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ဆည်မြောင်းဦးစီးဌာန(ထိန်းသိမ်းရေး)ဦးစီးအရာရှိ ဦးအောင်မြချိုက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေသည် အရေးပါသောအချက်ဖြစ်၍ အယ်လ်နီညိုကာလတွင် ရေကိုကြိုတင်စုဆောင်းထားရှိရန်၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သည့် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရန်နှင့် စိုက်နည်းစနစ်နည်းလမ်းများရွေးချယ်စိုက်ပျိုးရန်၊ တမံ၊ ရေလွှဲဆည်၊ တူးမြောင်းများမှစိုက်ပျိုးရေပေးဝေမှုနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို ဌာနနှင့်ပူးပေါင်း ဆောင်ရွက်ရန်ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆည်မြောင်းဦးစီးဌာန(တည်ဆောက်ရေး)မှ ဦးစီးအရာရှိဦးအောင်ဇော်တိုးက ရေကိုအလေအလွင့်နည်းပါးအောင်ချွေတာသုံးစွဲရန်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ်ကို ပြောင်းလဲဆောင်ရွက်ရန်မှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ဆန်းဦးက လက်စွဲကောက်စိုက်စက်အသုံးပြုပုံနည်း စနစ်များကိုရှင်းလင်းပြောကြားကာ တက်ရောက်လာသောတောင်သူများ၏ တင်ပြချက်များအား ညှိနှိုင်းဆွေးနွေးပေးသည်။
ထိုဆွေးနွေးပွဲသို့ အုတ်ဖိုကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရေအသုံးချသူများအဖွဲ့(WUG)နှင့် နွေစပါးစိုက်တောင်သူ(၄၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)