ဘုတ်ပြင်း စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Onlineမှ တဆင့် အသိ ပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတဆင့် အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။
ဆွေးနွေးပွဲတွင် သိလိုသည်များ မေးမြန်းဆွေးနွေးရာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ကာကွယ်ထိန်းသိမ်းရမည့် နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးယိုယွင်းနေသည့် အဓိက အကြောင်းအရာများဖြစ်သည့် လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးပြုမှုများ၊ ဒီရေတောစိုက်ပျိုးထိန်းသိမ်းခြင်းတို့ဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများအား ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်သည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)