သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးသင်တန်း ဖွင့်လှစ်

သာပေါင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး သင်တန်းကို စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ဝင်းမီမီခိုင်က သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက် ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကြောင်းနှင့် လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်းအစီအစဉ် အသေးစိတ်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရ)မှ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ်မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှ အခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြု၊ ရပ်ရွာအတွင်းအခြေပြု ထိုးနှံကြရာတွင် မပျက်မကွက် ထိုးနှံသွားရန် အမျိုးသမီးငယ်များ မကျန်ရှိစေရေး၊အခြေခံပညာကျောင်းများအနေဖြင့် ကာကွယ်ဆေး ထိုးနှံရန် အသက်ပြည့်မီသူများအား သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူကာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ(၂၉)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ထမ်း ကာကွယ်ဆေးထိုး ဆရာ၊ ဆရာမ(၁၂၅)ဦးတို့အား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)