မြင်းမူ စက်တင်ဘာ ၁၅
စာဖတ်ရှုသူများ အချင်းချင်းတွေ့ဆုံကာ မိမိဖတ်ရှုလေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့ လစဉ် ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးနေလင်းအောင်က စာဖတ်သူတိုးပွားရေးနှင့် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိရန်ရည်ရွယ်လျက် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် ပညာပေးဆွေးနွေးတင်ဆက်ပေးလျက်ရှိသည့် (talk show) အစီအစဉ်များနှင့် ပါတ်သက်၍ပြောကြားသည်။ ယင်းနောက် ယခုအပါတ်အတွက် ရွေးချယ်ထားသည့် စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် လူငယ်လမ်းညွန် စာအုပ်မှ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေးခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးကြကာ ယင်းစာအုပ်မှ ရရှိသည့် စာပေအမြင်များကို အချင်းချင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။
မြင်းမူမြို့နယ်ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ပိုမိုရရှိရေးအတွက် အပါတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိသည်။
အောင်စိုးဖေ(မြင်းမူ)