သရက်ချောင်းမြို့နယ်တွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း   စက်တင်ဘာ   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများအား ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများကြွယ်ဝလာစေရန်ရည်ရွယ်၍ ကျန်းမာရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ရွက်ဝါအောင်က တစ်ကိုယ်ရေသန့်ရှင်းရေး၊ အိမ်တွင်းသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အကြောင်း၊ ဝသန္တရတု၊ ဂိမှရတု၊ ဝိဿနရတု၊ သရဒရတု၊ ဟေမန္တရတု၊ သိသိရရတု ရတု(၆)သွယ် သိမှတ်ဖွယ်ရာ ဆောင်ရန်/ရှောင်ရန်များအကြောင်း၊ တိုင်းရင်းဆေးပညာများအကြောင်းကို ကျောင်းသား/သူများသိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဖြန့်ဝေထားသော ရင်အုပ်ဆေး သုံးစွဲနိုင်သောရောဂါများနှင့် ဆေးညွှန်းများအား ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများအား ရင်အုပ်လိမ်းဆေး (၂)ဗူးနှင့် ကျန်းမာစေကြောင်း နည်းလမ်းကောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေကာ အခမ်းအနားရုပ်သိမ်းလိုက်ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)