ပေါက်မြို့နယ် တယ်ပင်ကန်ကျေးရွာရှိ (GAP) စိုက်နည်းစနစ် ဆောင်းနှမ်း ၆၇ ဧက စိုက်ခင်း ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါက် အောက်တိုဘာ ၁၉

ပေါက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ဆီထွက်သီးနှံတစ်မျိုး​ဖြစ်သည့် နှမ်းကို မိုးကြို​ရေသွင်းနှမ်း၊ မိုးဦးနှမ်းလျင်နှင့် ဆောင်းနှမ်းစမုံနက်ဟူ၍ (၃) မျိုးခွဲခြား စိုက်ပျိုးလျက်ရှိရာ ဆောင်းနှမ်းစမုံနက် စိုက်ခင်းများဖြစ်ထွန်းအောင်မြင်နေသော တယ်ပင်ကျေးရွာ တောင်သူ ဦးရွှေဝင်း၏ ၅ ဧကစိုက်ခင်းနှင့်အတူ အခြားတောင်သူများ၏ စိုက်ခင်းများအား ယမန်နေ့ နံနက်ပိုင်းက စိုက်ခင်းအတွင်း ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းကို၊ ကွင်းတာဝန်ခံများနှင့် ပူးပေါင်းအဖွဲ့ဝင်များက တယ်ပင်ကန်ကျေးရွာရှိ တောင်သူ (၃၀) ဦးတို့၏ (Food Safety Project) ဖြင့် စိုက်ပျိုးထားရှိသော ဆောင်းနှမ်း စမုံနက် (GAP) စိုက်နည်းစနစ် ဧက ၆၇ စိုက်ခင်းအတွင်း ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းစိတ်ချမှုရှိစေရန်အတွက် စီမံကိန်းတွင်ပါဝင်သော မူဘောင်များနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ခင်းများအလိုက် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ (GAP) စိုက်နည်းစနစ်များနှင့်အညီ သီးနှံအရည်အသွေး ကောင်းမွန်စေရေး အတွက် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားရှိရမည့် အချက်များကို ဒေသခံ တောင်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ် အတွင်းရှိ ပြည်သူများ အစား အစာ ဘေးကင်းစိတ်ချရေးစီမံကိန်း (Food Safety Project) ဖြင့် ဆောင်းနှမ်းစမုံနက် (GAP) စနစ်စိုက်ပျိုးခြင်းကို ပေါက်မြို့နယ်၌ ကျေးရွာပေါင်း (၄) ရွာတွင် စိုက်ဧက စုစု ပေါင်း ၅၀၀ ဧက လျာထားစိုက်ပျိုးထားရှိကြောင်း ပေါက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးကျော်လင်းထံမှ သိရသည်။

ဉာဏ်တိုး​(ပေါက်)