ဘိုကလေးမြို့နယ်တွင် ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်

ဘိုကလေး စက်တင်ဘာ ၁၅

ငါးရိက္ခာ ဖူလုံမှုရှိစေ‌ရေး၊ ငါးသယံဇာတပေါများ ကြွယ်ဝစေ‌ရေးနှင့် အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေးကို ရည်ရွယ်ကာ ယနေ့နံနက် (၉)နာရီခွဲအချိန်၌ ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် ကြေးတိုင်းအင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမြသိန်း၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြေးတိုင်အင်း စီစစ်ရေးကော်မတီဝင်များ၊ ကြေးတိုင်အင်းသားကြီးများ၊  ရေလုပ်သားများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး တက်ရောက်သူများ အားလုံးစုပေါင်း၍ မြို့နယ်ငါးလုပ်ငန်းဦစီးဌာနရုံးအနီးရှိ ဘိုကလေးမြစ်ကမ်း နံဘေးတွင်လည်းကောင်း၊  ကြေးတိုင်အင်သားကြီး ဒေါ်နှင်းနွယ်စိုးနှင့် ရေလုပ်သားများစုပေါင်း၍ ကဒုံကနိအပိုင်၊ သရော်ချောင်းအင်းအတွင်းတွင်လည်းကောင်း  (၂)လက်မအရွယ် ငါးမြစ်ချင်း အကောင်ရေ(၃၄၁၆၀၀)၊ (၄)လက်မအရွယ် ငါးတန် အကောင်ရေ(၁၅၅၄၆၀)၊ စုစုပေါင်း အကောင်ရေ (၄၉၇၀၆၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

မိုးစက်(ဘိုကလေး)