ကေ့ာကရိတ် စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ဇော်ထွန်းက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ခုနှစ်၊ သြဂုတ်လ ၃၁ ရက်အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်များကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်များ၊ ကေ့ာကရိတ်မြို့နယ်အနေဖြင့် စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ ကျောင်းအခြေပြု ထိုးနှံ ပေးမည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးသည် အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မကျော်သော မိန်းကလေးငယ်များ ထိုးနှံပေးမှ ဆေးအာနိသင် ထိရောက်မှာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် အောင်မြင်စွာထိုးနှံနိုင်ရေး ပြည်သူလူထုများ ပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရေးဆွေးနွေးပြောကြားသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက မိမိတို့မြို့နယ်တွင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့်စပ်လျဥ်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်၍ ပြည်သူများအား အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့သလို ယခုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား သတ်မှတ်ထားသည့် ရက်အတွင်း အောင်မြင်စွာ ထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
အဆိုပါ အစည်းအဝေးသို့ ကေ့ာကရိတ်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကေ့ာကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့်သူနာပြုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)