မင်းဘူး စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆန်၊ စပါးဖူလုံစေရန် ၂၀၂၃ ခုနှစ်၊ စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၉၀၀ ကျော် စိုက်ပျိုးပြီးစီးသွာပြီဖြစ်ကာ စီမံကိန်း လျာထားချက်ထက် ဧကပေါင်း ၁၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက် ဧရိယာများတွင် အစိုးရဆည်တမံ၊ လျှပ်စစ်ရေတင်၊ မြေအောက်ရေ၊ ရေစုပ်စက်၊ ဆည်ကန်ငယ်၊ မိုးရေသောက်စနစ်စသည့် ရေရရှိရေးနည်းလမ်း (၆)ခုဖြင့် စိုက်စနစ်နည်းလမ်းမျိုးစုံအသုံးပြု၍ စိုက်ပျိုး လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း မြေအောက်ရေမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးမှုများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာခဲ့ပြီး မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများကိုလည်း ဆောင်ရွက်ထားကြောင်း၊ အများဆုံးရွေးချယ်စိုက်ပျိုးသော စပါးမျိုးများမှာ ဈေးကွက်အရ အရည်အသွေးကောင်း ဧရာမင်းနှင့် အထွက်ကောင်းစပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဆာဖိုးသာ၊ GW-11 စပါးမျိုးများအပြင် ရေအနည်းလို-၇ နှင့် ရက်-၉၀ စပါးမျိုးများကိုလည်း ယခုနှစ်အတွင်း ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
အဆိုပါ စပါးစိုက်တောင်သူများကို ရေမြေသေချာသည့် စပါးစိုက်ဧရိယာများတွင် အထွက်နှုန်း တိုးတက်ရေး အထောက်အကူပြုအဖြစ် ယူရီးယားမြေဩဇာများကိုလည်း တစ်အိတ်လျှင် ၃၆၀၀ဝိ/-ကျပ်နှုန်း၊ (၄)ဧကကို (၁)အိတ်နှုန်းဖြင့် ဇူလိုင်လမှစတင်၍ လစဉ်ခွဲတမ်းအလိုက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး စပါးရိတ်သိမ်းပြီးချိန်တွင် သီးထပ်စိုက်ပျိုးနိုင်ရေးကိုလည်း ကျေးရွာအုပ်စုအလိုက် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဌာနဆိုင်ရာဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၇၆၀ ဧက စိုက်ပျိုးရန် စီမံကိန်းလျာထားဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဇွန်လ ဒုတိယအပတ်မှစတင်၍ စိုက်ပျိုးစနစ် နည်းလမ်းပေါင်းစုံအသုံးပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၄၀၉၃၂ ဧကစိုက်ပျိုးနိုင်သည့်အတွက် စီမံကိန်း လျာထားဧကထက် ၁၇၂ ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)