တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၅

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ဗန်းမော်သိန်းဖေ၏ "မျှဝေလိုသောအတွေးများ-၄" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်ဦးစီးမှူး  ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သကဲ့သို့ ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဘဝနေထိုင်နည်း၊ ဘဝအိမ်ကိုတည်ဆောက်ခြင်း၊ အပြင်ပန်းကြည့်ပြီးမဆုံးဖြတ်ပါနဲ့၊ ခန္ခာကိုယ်မှာ ဘယ်အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” စသည့်  စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး  မိမိတို့ နားလည်သဘောပေါက်သည်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာရေးဆရာများဖြစ်ကြသည့် ဦးအောင်သက် (တောင်တွင်းအောင်သက်ဦး) ဦးတင်ထွန်းနိုင် (အိမ့်ဒီဝဏ်) ဦးသူရိန်မျိုးမင်း (နေပန်ဦး) လောကအလင်းစာကြည့်တိုက်မှူး ဦးနိုင်ဦးနှင့်မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်း များကို ရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၆၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)