ခန္တီး စက်တင်ဘာလ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တဥက္ကဋ္ဌ) ဗိုလ်မှူးသက်ဖြိုးကိုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦစီးမှူး ဒေါ်စုစုခိုင်မှ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု တောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးကလက်ဖက်စိုက်ခင်းများ ရေရှည်တည်တံ့စေရန် စနစ်တကျ ကိုင်းဖြတ်ပြုပြင်ထိန်းသိမ်ရေး ဖြင့်လည်းကောင်း၊ လက်ဖက်တိုးချဲ့စိုက်ပျိုးလာစေရန်နှင့် တစ်ဧက အထွက်နှုန်းတိုးတက်လာစေရေးဖြင့်လည်းကောင်း၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ရီရီမြင့်က ထွက်ရှိလာသော လက်ဖက်ရွက်စိမ်းများကို (MSME)လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးဖြင့်လည်းကောင်း၊ လက်ဖက်စိုက်တောင်သူများမှ (GAP) အသိအမှတ်ပြု လက်မှတ်ရရှိရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ တက်ရောက်လာကြသော လက်ဖက်စိုက်တောင်သူများ၊ လက်ဖက်လုပ်ငန်းရှင်များနှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ လက်ဖက်စိုက်တောင်သူနှင့် လုပ်ငန်းရှင်(၂၀)ဦး၊ မိတ်ဖက်ဌာနဆိုင်ရာ အကြီးအကဲ (၅)ဦးနှင့် ခရိုင်/မြို့နယ် စိုက်ပညာရှင်ဝန်ထမ်း(၁၂)ဦး စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အေးခိုင်(ပြန်/ဆက်)