တနင်္သာရီမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သေးသည့် မိန်းကလေးများအားလုံးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

၎င်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေး၊ အ.ထ.က-တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့်ဆရာမများ၊ ခေတ္တမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းနှင့် ဆရာမများ၊ ရုံးအဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ ဒေါက်တာနွေးဟေမာသင်းက ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် (၁-၉-၂၀၁၁)ခုနှစ်မှ (၃၁-၈-၂၀၁၄)ခုနှစ်အတွင်း မွေးဖွားသော အသက်(၉) နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို အ.ထ.က-တနင်္သာရီ (အပါအဝင်) ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုဟူ၍ အသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးမည့် ဆေးထိုးစုရပ်များ၊ ဆေးထိုးနှံပေးမည့်နေ့ရက်နှင့် အစီအမံများ၊ ၎င်းကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာအခြေအနေကို မိဘပြည်သူများသိရှိနိုင်အောင် အသိပေးလိုကြောင်း ရှင်းလင်းဆွေးနွေးပေးသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းမှုကို တာဝန်ရှိသူများက ညှိနှိုင်းဖြေကြားပေးကြသည်။

တနင်္သာရီမြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က-တနင်္သာရီကျောင်းတွင် စက်တင်ဘာလ (၁၉ရက်နေ့မှစ၍ ၂၃ရက်အထိ)/ ကျေးရွာများမှ အခြေခံပညာကျောင်းများတွင် စက်တင်ဘာလ (၁၈ရက်မှ ၂၇ရက်နေ့အထိ) အဖြစ်လည်းကောင်း/ ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်အတွင်း အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့)အထိနှင့် ကျေးရွာများတွင် စက်တင်ဘာလ (၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ) ထိုးနှံဆောင်ရွက်ပေးမည်ဖြစ်ပြီး ဤမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့်သူဦးရေ (၈၀၀)ဦးခန့်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)