ပန်းတောင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတများ အချင်းချင်းနှီးနှောဖလှယ်ကြရန်၊ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကိုတန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဦးလှကျော်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “ခေါင်းဆောင်မှုနှင့်စီမံခြင်း” စာအုပ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)