ဖျာပုံ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံခရိုင် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မာစိုးက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ ဗိုင်းရပ်(စ်) ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီ အချိန်တွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး ခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှု မြင့်မားသည့်အတွက် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန်၊ ကျောင်းအခြေပြု လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစေရန်နှင့် ရောဂါ ကာကွယ်နှုန်းမြှင့်တင်ရန်၊ ပြည်သူလူအခြေပြုလုပ်ငန်းဖြင့် အသက်(၉)နှစ်မှ (၁၂)နှစ်ကြား ကျောင်းပြင်ပ မိန်းကလေးငယ်များအား ကျန်ရှိမှုမရှိစေရန်နှင့် လွှမ်းခြုံမှု မြင့်မားစွာ ထိုးနှံ၍ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံရ ခြင်းဖြစ်ကြောင်း ပြောကြားသည်။ထို့ နောက် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်မြင့်မြင့်ခိုင်က ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပြည်သူလူထု အခြေပြုကာကွယ်ဆေးထိုးနှံမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများမှ သိရှိလို သည်များအား မေးမြန်းကြရာ ဖျာပုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မာစိုးက အသေးစိတ်ပြန်လည် ဆွေးနွေးပြောကြားပြီး ဖျာပုံမြို့နယ်အနေဖြင့် ကျောင်းအခြေပြုအသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃)ရက်နေ့အထိ စတင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)