ဟင်္သာတ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ရေဝင်ဒေသများရှိ တိရစ္ဆာန်မွေးမြူသူတောင်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ၁၃ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု၊ အုန်းတောကျေးရွာရှိ အုန်းတောဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်တိမွေးကုဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာအောင်သူမျိုးက မိမိတို့ဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် နွားအစာအိတ် ၄၀ ၊ဝက်အစာအိတ် ၁၁၆ အိတ်တို့ကိုရရှိခဲ့ပြီး သဘာဝဘေးကျရောက်ရာဒေသများရှိ တိရစ္ဆာန် များအတွက် ထောက်ပံပေးခြင်းဖြစ်ကြောင်း၊ ကျန်အစာအိတ်များကိုလည်း တိရစ္ဆာန်အသက်ကယ်ကုန်း ဖွင့်လှစ်ထားရှိသောနေရာများသို့ ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်အစာများကို မွေးမြူသူများလက်ဝယ်အရောက် လာရောက်ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စုများမှ မွေးမြူထားသော ဝက်အကောင်ရေ (၁၈) ကောင်အတွက် ဝက်အစာအိတ် (၂၀) အိတ်အားလည်းကောင်း၊ နွား (၂) ကောင်အတွက် နွားအစာအိတ် (၂) အိတ် အားလည်းကောင်း ရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒေါက်တာအောင်သူမျိုးနှင့် ဝန်ထမ်းများက အနီးပတ်ဝန်းကျင်ရှိရေဝင်ဒေသများမှ ဒေသခံပြည်သူများ မွေးမြူထားသော တိရစ္ဆာန်များအား ကွင်းဆင်း၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်ဆက် (ဟင်္သာတ)