မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေ ကျဆင်းချိန် ကမ်းပြိုမှုဖြစ်ပွား

မြန်အောင် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေကျဆင်းချိန် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိပြီး ကမ်းပြိုမှု ဖြစ်ပွားသောနေရာ၌ အလျား ပေ ၂၀ ခန့် မြေသားအက်ကြောင်းများ ဖြစ်ပေါ် လျက်ရှိရာ ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသိန်းဌေးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကမ်းပြိုမှုဖြစ်ပွားသောနေရာသည် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် တွင် မကျီးစုတာမြစ်ကမ်းထိန်း လုပ်ငန်းကို Geotextile ကပ်နံရံ အလျားပေ ၄၀၀၊ ရေထဲပိုင်း Geo-Bag ချခြင်းအလျား ပေ ၂၀၀ နှင့် တည်ဆောက်ပြီး ကျောက်ပြားကပ်တမံရှေ့ ရေထဲပိုင်း Geo-Bag ချခြင်းအလျား ပေ ၅၈၀  ဆောင်ရွက်ထားသော နေရာဖြစ်ကြောင်း သိရသည်။

မြစ်ကမ်းပြိုသည့်နေရာ၏ အနောက်ဘက်တွင် တာခြေထောက် မြေထိန်းကွန်ကရစ်နံရံ အလျား (၇၆၅) ပေ တည်ဆောက်ထားရှိပြီးဖြစ်၍ လတ်တလော စိုးရိမ်ရမှုမရှိသေးသော်လည်း မြစ်ရေကျဆင်းချိန် ကမ်းပြိုမှုများဆက် လက်ဖြစ်ပေါ်လာမည်ဆိုပါက မြစ်ရေ ပြန်လည်မြင့်တက် ချိန်တွင် ဌာနဆိုင်ရာရုံးများ၊ လူနေရပ်ကွက်များ ထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာဌာနများသို့ လိုအပ်သလို ဆောင်ရွက်နိုင်ရန် ဆက်လက်တင်ပြ ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)