ပုသိမ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကိုပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ (၄၆) ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို သင်တန်းသားများက သူနာပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားများ ပြုလုပ်သည့် အခါတိုင်း လာရောက်ချီးမြှင့်အားပေး၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းသားသင်တန်းသူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေး လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေး ခရိုင်၊ မြို့နယ် များရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိသင်ကြားနည်း စနစ်သစ်ဖြစ်တဲ့ Adult Learning၊ Self Learning ၊ Active Learning စနစ်ဖြင့် သင်ကြားပေးလျက်ရှိရာ Active Participation ဖြစ်ရန် သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူကြရန်မှာကြားလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာသက်ရှည် ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်များကို မမေ့လျော့ပဲ လူနာများနှင့်အများပြည်သူများကို အကျိုးပြုနိုင်သည့် သူနာပြုများ ဖြစ်ပါ စေကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ မြောင်းမြမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့တက်ရောက်၍ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး ဟူသည့် စကားအတိုင်း နောင်ခေတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှ ပေါ်ထွက်လာသည့် ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသန စာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့်စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေး အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသည့် လူငယ်များဖြစ်ကြပါစေကြောင်းနှင့် ယနေ့ပြုလုပ်သည့် လူငယ်စကားဝိုင်းမှသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များပေါ်ထွက်ပါစေကြောင်း”အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ် (ပုသိမ်) မှ ဒုတိယပါမောက္ခချုပ်က စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် နည်းပညာတက္ကသိုလ် (ပုသိမ်) ဒေါ်မြသက်နွယ်၊ တွဲဖက်ပါမောက္ခ (မြန်မာစာဌာန) က ဦးဆောင်ဆွေးနွေးခဲ့ပြီး တတိယနှစ် (Civil) ကျောင်းသား မောင်ဇင်လင်းကိုကိုက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ် (EP) ကျောင်းသား မောင်လွင်ဖုန်းမြတ်က “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပထမနှစ် (Mechanical) ကျောင်းသား မောင်သန့်ဇော်လင်းက “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်(Mechanical)ကျောင်းသူ မဝါဝါမင်းသူက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော မြန်မာစာဌာန၊ တွဲဖက်ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)သို့ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဉ္စမနှစ်(Mechanical) ကျောင်းသားများမှ လက်တွန်းကောက်စိုက်စက် စမ်းသပ်တည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)