ကန့်ဘလူမြို့၌ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေး

ကန့်ဘလူ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပပေါက်စျေးထက်လျှော့ချကာ ဆက်လက် ရောင်းချပေးခြင်းကို စက်တင်ဘာ ၁၄ ရက်နံနက် ၇ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ပြည်သူများစနစ်တကျ အလွယ်တကူဝယ်ယူနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆီကုန်သည်များနှင့်ပူးပေါက်းကာ လာရောက်ဝယ်ယူသူ ပြည်သူများအား စားသုံးဆီ ၅၀ ကျပ်သားကို ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့်  လူဦးရေ ၈၀၀ အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီများရောင်းချပေးခြင်းနှင့်ပတ်သက်၍ ကန့်ဘလူမြို့ အမှတ် (၄) ရပ်ကွက်မှ ဒေါ်ကြူကြူဝင်းက   အခုလိုစျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကြောင့် ကျွန်မတို့လို လက်လုပ်လက်စားပြည်သူများအနေဖြင့် အထူးကျေးဇူးတင်ကြောင်း၊ အပြင်မှာဆို ၁ ပိဿာကို ၉၅၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်းပြောပြသည်။စားသုံးဆီများကို စက်တင်ဘာ ၁၁ ရက်မှစတင်ရောင်းချပေးခဲ့ရာ ယင်းနေ့က လူဦးရေ ၁၀၀၀၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၂၀၀၊ စက်တင်ဘာ ၁၃ ရက်က ၁၂၀၀ နှင့်ယနေ့ (စက်တင်ဘာ ၁၄) က ၈၀၀ တို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူ ရောဂါဝေဒနာရှင်များအား  လိုအပ်သည့်ကျန်းမာရေးစမ်းသပ်စစ် ဆေးကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)