ရွှေဘို စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အတွင်းရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့်ဒေသခံပြည်သူ စုစုပေါင်း (၇၂၀) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ သားဖွားမီးယပ်ရောဂါ၂၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ ၂၃၀ ဦး၊ သွားရောဂါ ၄၄ ဦးနှင့် အခြားရောဂါတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာနှင့် မျက်စိခွဲစိတ်လူနာတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာနှင့် ဓာတ်ခွဲစမ်းသပ်လူနာတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဥ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံရန်လိုအပ်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးသည်။
ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများနှင့် ရွှေဘိုမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)