ပွင့်ဖြူ အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်ပြီး မြို့အဝင် ၊ အထွက် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က နေ့/ည မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပွင့်ဖြူမြို့အဝင် စစ်ဆေးရေး ဂိတ်အား မြန်မာ့ဆက်သွယ်ရေးရုံးအနီးတွင် ဖွင့်လှစ်ထားရှိပြီး မြို့အထွက်စစ်ဆေးရေးဂိတ်အား သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းရုံးရှေ့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၄ နာရီ နေ့/ညမပြတ် စောင့်ကြည့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် ဌာနဆိုင်ရာတာဝန် ရှိသူ များက မိမိတို့ တာဝန်ကျရာ နေ့ရက်အလိုက် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော မော်တော်ယာဉ် ၊ မော်တော် ဆိုင်ကယ် ၊ သုံးဘီးဆိုင်ကယ် အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများကို ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ အလို အလျောက် အပူချိန်တိုင်းစက်ဖြင့် တိုင်းတာစစ်ဆေးခြင်း ၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊ ခရီးသွားရာဇဝင်နှင့် ကျန်းမာရေး ထောက်ခံချက် ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ်များ စာရင်းကောက်ယူခြင်းများ ပြုလုပ်ကာ ခိုင်လုံသော အထောက်အထား ထောက်ခံချက်များ မပါရှိပါက လာသည့်နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင် သွားလာစေခြင်းတို့ကို စစ်ဆေးအသိပညာပေး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ ပူးပေါင်းအဖွဲ့က မြို့အဝင် ၊ အထွက် စစ်ဆေးရေးဂိတ်များတွင် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )