ယင်းမာပင် စက်တင်ဘာလ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေး များအား စက်တင်ဘာလ(၁၈) ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း၊ (၁၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား သတ်မှတ်ထားသည့်ရက်အတွင်း အောင်မြင်စွာထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်-၁ ဦးလှိုင်မင်းသန်းက သားအိမ်ခေါင်း ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံးဖြစ်ပြီး ဖွံ့ဖြိုး ဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်အများဆုံးကင်ဆာ ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် ၇၀ ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစားနှစ်မျိုးဖြစ်သော အမျိုးအစား(၁၆)နှင့် (၁၈)ကူးစက်ခံရခြင်းကြောင့် ဖြစ်ကြောင်း၊ HPV ပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိကကူးစက်တတ်သောရောဂါဖြစ်ကြောင်း၊ HPV သည် အမျိုးအစားပေါင်း တစ်ရာကျော်ရှိပြီး ၎င်းတို့အနက် (၁၄)မျိုးသည် အန္တရာယ်များသော ဗိုင်းရပ်စ်ပိုးအမျိုးအစား ဖြစ်ကြောင်း၊ HPV ပိုးသည် လိင်မှတစ်ဆင့် ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်ပြီးမည်သူမဆို လူ့ဘဝသက်တမ်း တစ်လျှောက်တွင် အချိန်မရွေး ရောဂါပိုးဝင်ရောက်နိုင်ကြောင်း၊ ခုခံအားကျဆင်းနေသူများတွင် ပို၍လျှင်မြန်စွာ ကင်ဆာ ဖြစ်ပွားမှုမြန်ဆန်ကြောင်း၊ HPV ပိုးကူးစက်ခံရသူအများစုတွင် ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြဘဲ ကင်ဆာအဆင့်ရောက်မှသာသိရှိရကြောင်း၊ HPV ကာကွယ်ဆေး ကို အသက် ၉ နှစ်မှ ၁၂ နှစ်မကျော်သော မိန်းကလေးများအား စောစီးစွာထိုးနှံပေးခြင်းအားဖြင့် ခုခံအားစနစ်သည် ၈၅ ရာခိုင်နှုန်းအထိ အမြင့်မားဆုံး ရရှိနိုင်ကြောင်းနှင့်သတ်မှတ်ရက်များအလိုက် HPV ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ယင်းမာပင်မြို့တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို ကျောင်းအခြေပြုအဆင့်တွင် ကျောင်းသူ(၉၄) ဦးအားလည်းကောင်း၊ ပြည်သူလူထုအခြေပြု၍ လည်းကောင်း သတ်မှတ်စုရပ်များ အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)