မြောင်းမြ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ဂျူတီကုတ်နှင့် ဦးဆောင် အပ်နှင်းခြင်းအခမ်းအနားသို့ ယနေ့ နံနက် ၈ နာရီခွဲအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဦးဆောင်းနှင့် ဂျူတီကုတ် ပေးအပ်လိုက်ပြီဆိုတာနဲ့ သူနာပြု တာဝန် ဝတ္တရားများ ပါလာပြီဖြစ်ကြောင်း၊ ဆေးရုံတွေမှာ လက်တွေ့လုပ်သည့်အခါ အခိုမကပ်ဘဲ ရတဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံဘဲ လုပ်ဆောင်ဖို့လိုကြောင်း၊ သင်တန်းပြီးဆုံးသည့်အထိ အောင်မြင်အောင်တက်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုကို ပြန်လည်အလုပ်အကျွေးပြုဖို့လို ကြောင်း၊ သူနာပြုအတတ်ပညာသည် ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ Professional အတတ် ပညာတစ်ခုဖြစ်တဲ့အတွက် သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်အချက်တို့ကို မမေ့မလျော့ပဲ လူနာများနှင့် အများပြည်သူကို အကျိုးပြုနိုင်တဲ့ သူနာပြုလောင်းများ ဖြစ်ရန်ဆန္ဒပြုကြောင်း မှာကြားသည်။
ဆက်လက်၍ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ကပေါ်ရှီးနှင့် မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်နွယ်လေးဝင်းတို့မှ ပထမနှစ် (Junior) သင်တန်းသား၊ သင်တန်းသူ (၄၆) ဦးကို ဂျူတီကုတ်နှင့် ဦးဆောင်းများအား အပ်နှင်းပေးခဲ့ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး သူနာပြု သင်တန်းကျောင်းအတွက် အလှူငွေ (၅၀၀၀၀၀) ကျပ်ကို ပေးအပ်ရာ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)