မုံရွာ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် ၅/၂၀၂၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ သင်တန်းခန်းမတွင် ကျင်းပရာဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင် တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေး ကိစ္စများအတွက် ဝင်ငွေရှာဖွေနိုင်မှု နည်းပါးခြင်းသည် ကလေးအလုပ်သမားများဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများဖြစ်ပြီး ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ကိုင်နိုင်သော ကလေး များလုပ်ငန်းခွင်မှ ဖော်ထုတ်ဖယ်ရှားရုံသက်သက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲဥပဒေအရ အကာအကွယ်ပေးခြင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေး ကူညီဆောင်ရွက်ပေး ခြင်း၊ မိသားစုအလိုက်ဝင်ငွေတိုးတက်ရရှိရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့အား အစိုးရနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှကြသာ ကလေးအလုပ်သမားပ ပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပါကြောင်း၊
ကလေးငယ်များအပေါ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရန်နှင့် သင်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးအတွက် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်ရည်ရွယ်၍ သက်မွေးပညာသင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့်
နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သား၍ သင်တန်းမှလေ့ကျင့်သင်ကြား ပေးသည့် ပညာရပ်များဖြင့်ဝင်ငွေရရှိမည့် အလုပ်အကိုင်များရရှိကာ မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက် တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး သင်ကြားမှုအထောက်အကူပြု အခြေခံ ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအား ရက်သတ္တပတ်အကြာ မုန့်ုလုပ်နည်း ၂၀ မျိုးအား စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊သင် တန်းသူ ၂၅ ဦး တက်ရောက် သွားမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း ခင်းကျင်းပြသထားသော တန်ဖိုးမြှင့်အစားအစာထုတ်မှုတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများအတွက်စားသုံးရန် စိုက်ပျိုးထားသည့် ဓာတုကင်းလွတ် Home Graden ဟင်းသီးဟင်းရွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)