ထီးချိုင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ထီးချိုင့် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်ကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြတ်ဆရာ၏ ကျင့်ဝတ်သိက္ခာစာအုပ်မှ ဒေါက်တာခင်မောင်ညို ရေးသားထားသော ကျောင်းသားတွေ အရည်အသွေးမြင့်တဲ့ ပညာရေးစာအုပ်ကို ဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ထီးချိုင့် (ခင်မောင်ရွှေ)၊ ဆရာဦးအေးကို (အေးကိုသက်) ၊ ဆရာမဒေါ်မြင့်မြင်သန်း၊ ဆရာမဒေါ်အိအိခိုင်၊ နှင့် ဆရာဖြိုးဝေဝင်းတို့က အသီးသီးဆွေးနွေးသွားခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများ အသင်းနာယက မောင်ချစ်‌ထွေး (မဟာဝိဇ္ဇာ) နိဂုံးချုပ်အမှာစကားပြောကြားခဲ့ရာ စာဖတ်ဝိုင်းဆွေး‌နွေးပွဲကို တက်‌ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)