ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကုန်းတန်းတောင် ကျေးရွာအုပ်စု၊ တော်ဝကျေးရွာ၊ တော်ဝဘုန်းကြီးကျောင်းတိုက်နှင့် ကုန်းတန်းမြောက်အုပ်စု၊ ရေကွင်းဆက်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်တို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်းများ၊ ကျန်းမာရေး ဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများစသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများစုစုပေါင်း(၆၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)