ဓနုဖြူမြို့နယ်တွင် အသက် ၉နှစ်ပြည့်ပြီး ၁၂နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် မြို့အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဓနုဖြူ      စက်တင်ဘာ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြိူ့နယ်တွင် အသက် ၉နှစ်ပြည့်ပြီး ၁၂နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် မြို့အဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။    

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်း(HPV)လုပ်ငန်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိန်းညွန့်က  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်ရာပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။    

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၁၀မှ ကျောင်းသူ (၃၉၉၆)ဦးအား စက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့ အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)