ကျိုက်လတ် စက်တင်ဘာ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)အကြောင်း အသိပေးရှင်းလင်းပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်အများဆုံး ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးသင့်ကြောင်း၊ မြန်မာနိုင်ငံတွင်သုံးစွဲမည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လေးမျိုးစပ်အိတ်ချ်ပီဗီ ကာကွယ်ဆေးသည် ဘေးအန္တရာယ်ကင်းရှင်းပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာဝန်၊ ဆရာမများ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)