ကျောက်ထုမြို့လယ်ရှိ ရန်ကင်းတောင် ဆုတောင်းပြည့် ရှေးဟောင်းစေတီတော်အား ရွှေတိဂုံ ပုံတူစေတီတော်ကြီးအဖြစ် ပြန်လည်မွမ်းမံလျက်ရှိ

ကျောက်ထု အောက်တိုဘာ   ၁၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ မြို့လယ်ရှိ ရှမ်းတောင်ထိပ်ပေါ်တွင် တည်ထားကိုးကွယ်သော ရန်ကင်းတောင်ဆုတောင်းပြည့် ရှေးဟောင်းစေတီတော်အား ပြန်လည် ပြုပြင်မွမ်းမံပြီး ယခင်စေတီတော်ကိုငုံ၍ ရွှေတိဂုံပုံတူ စေတီတော်ကြီးအဖြစ် ပြန်လည်ပြုပြင်မွမ်းမံ လျက်ရှိသည်။

အဆိုပါစေတီတော်ကြီးအား တည်ထားကိုးကွယ်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း(၂၀၀) ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုစေတီတော်ကြီးသည် ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်ဒဏ်ကြောင့် ပျိုကျပျက်စီးလုမတတ်ဖြစ်ခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်၍ ယခင်စေတီတော်အဟောင်းအား ပြန်လည်ပြင်ဆင် မွမ်းမံခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ယခင် စေတီတော်ကိုငုံ၍ ဉာဏ်တော်အမြင့် (၇၀)ပေ၊ (၈) လက်မရှိ ရွှေတိဂုံပုံတူစေတီတော်ကြီး အဖြစ် တည်ဆောက်လျက်ရှိသည်။ ထိုစေတီတော်ကြီးအား ပြုပြင်မွမ်းမံခဲ့သည်မှာ ယခုအကြိမ် ဆိုလျှင် (၅)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
 
ထိုသို့တည်ဆောက်လျက်ရှိရာ ယခုအချိန်အထိ ကျပ်သိန်းပေါင်းလေးထောင်ကျော် အလှူရှင် များက လှူဒါန်းထားပြီး၊ ဆက်လက်တည် ဆောက်မည့် လုပ်ငန်းများစွာလည်း ကျန်ရှိဆဲဖြစ် သည်။ အဆိုပါ စေတီတော်ကြီး တည်ဆောက်မည့် လုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုပါက ဦးမောင်မောင်း၊ ဥက္ကဋ္ဌ၊ ရန်ကင်းတောင်ဆုတောင်းပြည့် စေတီတော်ဂေါပကအဖွဲ့၊ ဖုန်း ၀၉-၂၅၆၃၄၀၇၀၅၊ ဦးအောင်ကျော်ဝင်း အတွင်းရေးမှူး၊ ဖုန်း ၀၉-၂၆၄၃၂၈၀၂၂တို့ထံတွင် ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

မောဟေမာန် (ပြန်/ဆက်)