ဖျာပုံ​​မြို့နယ်တွင်ကြေးတိုင်အင်းများအတွင်း ငါးမြစ်ချင်းငါးသားပေါက် လေးသိန်းခြောက်သောင်းကျော် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဖျာပုံ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှဦးဆောင်၍ ဖျာပုံမြို့နယ်နှင့်အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ (ဖျာပုံ+အမာ) မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်စေရေးတို့ကိုရည်ရွယ်၍ ကြေးတိုင်အင်း (၂) အင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်(၈) နာရီအချိန်က ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး ဆိပ်ကမ်းမှဖျာပုံမြစ်အတွင်း ငါးမျိုးစိုက်ထည့် ပွဲကျင်းပပြုလုပ်သည်။

အဆိုပါ ကြေးတိုင်အင်းများအတွင်း ငါးမြစ်ချင်း အကောင်ရေ လေးသိန်းခြောက်သောင်းကျော် ငါးမျိုးစိုက်ထည့်ပွဲကို ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့်အဖွဲ့ ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကိုကိုလွင်၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖျာပုံမြို့နယ်နှင့် အမာမြို့ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်အင်းသားကြီးများက၊ ဖျာပုံမြစ်အတွင်း ငါးမြစ်ချင်းသားပေါက်အကောင်ရေ လေးသိန်းခြောက်သောင်းကျော်ကို ဖျာပုံမြစ်အတွင်းနှင့် ကြေးတိုင်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)