ဒေးဒရဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ် ၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ရွှေဒါးမောင်မြင့်ထွန်း (အမျိုးသားစာပေဆုရ) ရေးသားသော စာဖတ်ခြင်းအနုပညာ စာအုပ်ပါ စာဖတ်ခြင်းဖြင့် ဆောင်းပါးနှင့် စာဖတ်ခြင်းနှင့် အသိဉာဏ် ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြ သော စာပေချစ်သူများက ဆွေးနွေးကြရာတွင် စာဖတ်ခြင်းသည် ရေဖြစ်၍ ဘဝသည် ကြာဖြစ်ပါ ကြောင်း၊ ရေမြင့်မှ ကြာတင့်မည် ဖြစ်ပါကြောင်းနှင့် စဥ်းစားဉာဏ်သည် အရေးကြီးပါကြောင်း၊ ဉာဏ်ပညာ အမျှော်အမြင် ပြည့်ဝမှ ဘဝမှာ အောင်မြင်မှု ရရှိမှာဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြသထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး သိကောင်းစရာများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း