ကြံခင်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း (မြို့နယ်အဆင့်)လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးကြုံလာချိန်တွင် ကလေးငယ်များအားလုံး ထိုးနှံပေးနိုင်ရေးပူးပေါင်းဆောင်ရွက်ကြဖို့ပြောကြားပြီးနောက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာဝင်းနိုင်က သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ (HPV) ပိုးနှင့် ကင်ဆာရောဂါဆက်စပ်ပုံများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာကြသူများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသောအချက်အား မေးမြန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်အကြံပြု ဆွေးနွေးပေးခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးမှတာဝန်ရှိသူများ၊ ဒုတိယ မြို့နယ်ပညာရေးမှူးဦးဇေမင်းထွန်းနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်းနှင့် အဆိုပါသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား ကျောင်းအခြေပြုကိုစက်တင်ဘာ (၁၈) ရက်နေ့မှစက်တင်ဘာ (၂၉) ရက်နေ့ထိနှင့် ပြည်သူလူထုအခြေပြုကို အောက်တိုဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၂၇) ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)