ရွှေသောင်ယံမြို့၊ အ.ထ.က-ရွှေသောင်ယံ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ရွှေသောင်ယံ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ရွှေသောင်ယံမြို့၊ အ.ထ.က-ရွှေသောင်ယံတွင် ကျင်းပပြုလုပ်သည်။

စကားဝိုင်းတွင်ရှေးဦးစွာ အ.ထ.က-ရွှေသောင်ယံကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်မှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်းမှာ လူငယ်၊ လူရွယ်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတများ ရရှိစေရန်၊ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် စကားဝိုင်းများတွင် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍လူငယ်စကားဝိုင်း၍ အ.ထ.က-ရွှေသောင်ယံ Grade-12မှ မောင်တိုးထက်အောင်မှ "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင်လည်းကောင်း၊ Grade-11မှ မချစ်စုထက်မှ "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်စိုင်းဇော်ထွန်းမှ "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မမျိုးယုယစံမှ "လူငယ်နှင့်ပေါင်းသင်ဆက်ဆံရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း လေ့လာထားကြသည့် ဗဟုသုတများ၊ အတွေးအခေါ်များ၊ အတွေ့အကြုံများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)