ရွှေတောင် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပြန်လည်ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးနိုင်ဦးဆောင်၍ ဒု-ဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများက ရွှေတောင်မြို့နယ်၊ ကျောင်းကုန်းအုပ်စု၊ တောဇီးကုန်းကျေးရွာ၊ ပေါက်နွယ်ခြုံကျေးရွာများရှိ ကျေးရွာသူ ကျေးရွာသားများအားတွေ့ဆုံ၍ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း၊ အသေးစားစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းနှင့် အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ရွာခန့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ကြာင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)