ဒိုက်ဦး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် မားမားမတ်မတ်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း (အ.ထ.က-၂၊ ကျိုက်စကော) ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ကျိုက်စကော) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားရီက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-10 မှ မချစ်ခွန်းချိုက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မောင်ဟိန်းဇေယျာမင်းက လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မသိမ့်ရွှေရည်မင်းက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မောင်မင်းသုခက လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့်လည်းကောင်း Grade-9 မှ မခင်ထက်ထက်စံက လူငယ်နှင့်နည်းပညာဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၉၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)