ချောင်းဦး စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၉)နာရီအချိန်က အေးရိပ်မွန်(၂) အမျိုးသမီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးထိန်လင်းက လူငယ်နှင့်ယနေ့အမျိုးသမီးများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
ယင်းသို့ပြောကြားရာတွင် ယနေ့အမျိုးသမီးများအနေဖြင့် အမျိုးသမီးတို့၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှကြောင်း၊ မိသားစုနှင့်ကလေးငယ်များကို ပြုစုပျိုးထောင်မှု၊ မိခင်ဘဝဖြင့် မိမိ၏သားသမီးများကို ပြုစုပျိုးထောင်ခြင်းတို့သည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက်လည်းကောင်း အဓိကကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ယခုအခါ အမျိုးသမီးများသည် လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့် နိုင်ငံရေးနယ်ပယ်အထိ အမျိုးသမီးတို့သည် ကဏ္ဍအသီးသီးမှပါဝင်လျက် ရှိနေပါကြောင်း မိမိတို့ ကျောင်းသူများ အနေဖြင့်လည်း ကဏ္ဍအသီးသီးတွင် ပါ၀င်နိုင်သော အရည်အချင်းရှိသည့် အမျိုးသမီးကောင်းများ ဖြစ်လာရေးအတွက် စာပေဖတ်ရှူကြရန် လိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)