ချောင်းဦး စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်က ချောင်းဦးမြို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် ပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ ချောင်းဦးမြို့နယ်တွင် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူများအား အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့သလို မွေးကင်းစမှ အသက်တနှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များထိုးနှံရသည့် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လစဥ်နှစ်ကြိမ် ထိုးနှံပေးနေကြောင်း၊ ယခုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား သတ်မှတ်ထားသည့် ရက်အတွင်း အောင်မြင်စွာ ထိုးနှံနိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်မှ မြန်မာတနိုင်ငံလုံးတွင် စက်တင်ဘာ၁ရက် ၂၀၁၁ ခုနှစ်မှ သြဂုတ် ၃၁ ရက် ၂၀၁၄ ခုနှစ်အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်အနေဖြင့် စက်တင်ဘာ ၁၈ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြု ထိုးနှံပေးမှာဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ အောက်တိုဘာ ၂၇ ရက်နေ့အထိ ပြည်သူလူထု အခြေပြု ထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးအား အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များ ထိုးနှံပေးမှ ဆေးအာနိသင် ထိရောက်မှာဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်း ရှင်းပြပြီး ကာကွယ်ဆေးထိုးနှံရာတွင် အောင်မြင်စွာထိုးနှံနိုင်ရေး ပြည်သူလူထုများ ပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း ၃၀ ဦးကျော် တက်ရောက်ခဲ့ပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား အောင်မြင်စွာ ထိုးနှံပေးသွားနိုင်စေရေး ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)