မအူပင် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဝါးဝောာကျေးရွာအုပ်စု၊ ထနီဒေါင့်ဝါးတော အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မဉ္ဇူဆောင်ခန်းမတွင် စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ထနီဒေါင့်ဝါးတော အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်နိုးသူကိုယ်စား ကျောင်းအကျိုးဝောာ်ဆောင် ကော်မတီအဖွဲ့ဝင် ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်း ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ကျောင်းပြင်ပပညာရေးမြို့နယ် ကြီးကြပ်ရေးမှူးဆရာကြီးဦးဘိုထွေးမှ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း)ဆရာကြီးဦးကျော်ဦးမှ ဘဝကိုတည်ဆောက်သူခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာကြည့်တိုက်များဖောင်ဒေး ရှင်းဒုတိယဥက္ကဋ္ဌ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဆရာဦးစိုးမှ ပညာသင်ကြားရေးနှင့် စာဖတ်ခြင်းအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ၎င်းနောက် တာဝန်ရှိသူများက ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအားရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြသည်
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ထနီဒေါင့်ဝါးတောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)