မြို့သစ်၊ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှု၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြင့် မြို့သစ်မြို့နယ် ဆီကုန်သည်များအသင်းနှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအား စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရောင်းချပေးခြင်းကို ယနေ့နံနက်၉နာရီ အချိန်မှ ၁၁နာရီ အထိ စျေးရပ်ကွက် ဗိုလ်မင်းရောင်လမ်းပေါ်ရှိ သီဟထွန်းဆီစက်/ဆန်စက်နှင့်သီးနှံစုံရောင်းဝယ်ရေး၊ သိန်းကမ္ဘာဆီရောင်းဝယ်ရေးတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့နှံရောက်ရှိစေရန်နှင့် စားသုံးသူများ သက်သာသောဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၇၇၀)စုကို စနစ်တကျဖြစ်စေရန် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ လက်မှတ်များရယူ၍ ကာလပေါက်ဈေးထက် ဈေးနှုန်းလျော့ချကာ တစ်ဦးလျှင် စားသုံးဆီတစ်ပိဿာစီအား ငွေကျပ်(၄၈၀၀)ကျပ်နှုန်းဖြင့် ဆီပိဿာချိန်(၇၇၀)ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန် / ဆက်)