အင်္ဂပူ၊ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းဝန်းအတွင်းသို့ ဧရာဝတီမြစ်ရေနှင့်ငဝန်မြစ်ရေ ဝင်ရောက်သဖြင့် အခြေခံပညာကျောင်း(၆) ကျောင်းအား ယာယီပိတ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြစ်ရေဝင်ရောက်သဖြင့် အင်္ဂပူမြို့နယ်အတွင်း ရှိအခြေခံပညာမူလတန်းကျောင်း (၅)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်းတို့အား စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ယာယီပိတ်ထားပြီး အစားထိုးပြန်လည်ကျောင်းတက်ရမည့်ရက်များ သတ်မှတ်ပေးထားကြောင်း သိရသည်။
မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်းအပြင် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)