ကန့်ဘလူ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ရနံ့သိုက်၏ သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် စာပေချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှုပိုမိုတိုးတက်လာစေရေးနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေးအတွက် ယခုကဲ့သို့ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် Book Club အဖွဲ့ဝင်များနှင့်စာပေဝါသနာရှင်များဖြစ်ကြသည့် ဒေါ်နန်းမြင့်က သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ စာအုပ်မှ ကျရှုံးခြင်းမှ အောင်မြင်ခြင်းသို့ ဆောင်းပါးကိုလည်းကောင်း၊ ဦးရဲထွဠ်ဦးက စိတ်၏စေရာ ဆောင်းပါးကိုလည်းကောင်း၊ ဦးစောဝေမျိုးက သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ ဆောင်းပါးကိုလည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသူများက ရည်မှန်းချက်ကြီးကြီးထားကာ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အတားအဆီးများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားကာ အောင်မြင်မှုရနိုင်ပုံများ၊ တန်ဖိုးရှိသောအချိန်တွေကို ကောင်းမွန်စွာအသုံးချပြီး မိမိရလိုသောအရာအတွက် ဖန်တီးရယူလုပ် ဆောင်နိုင်ပုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)