ဟင်္သာတ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃)ကို စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်ကခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဟင်္သာတခရိုင်ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေးဦးဆောင်ကော်မတီ ဥက္ကဌများ၊ မြို့နယ်များရှိ ဆီစက်လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လက်ရှိတွင် ဈေးကွက်စီးပွါးရေးစနစ်ဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှုရှိပြီး အတတ်နိုင်ဆုံးနည်းလမ်းဖြင့် ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်ဈေးနှုန်းမြင့်တက်မှုကို ကျဆင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး (၈)လပိုင်းအတွင်းတွင်လည်း အိတ်အရေအတွက် (၁၀၀၀)ကျော်ခန့်အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ စားအုန်းဆီများအား importer တိုက်ရိုက်ရောင်းချခြင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ တင်သွင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖြန့်ဖြူးရောင်းချခြင်းများရှိပြီး ဖြန့်ဖြူးပေးသည့်ဆီများအား ရည်ညွှန်းဈေးထက်(၁၀%)ထက်ပိုပြီး ရောင်းချခွင့်မပြုကြောင်းနှင့် စာအုန်းဆီများအား သိုလှောင်ရောင်းချခြင်း၊ ပဲရောဆီအနေဖြင့် ရောင်းချခြင်းများရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥများအား သင့်လျော်သောဈေးနှုန်းဖြင့် တည်ငြိမ်မှုရှိစေရေး ရည်ရွယ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်ကော်မတီ အတွင်းရေးမှူး၊ ဟင်္သာတ၊ဇလွန်၊လေးမျက်နှာ မြို့နယ်များမှ မြို့နယ်ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌများမှ စားအုန်းဆီရောင်းချမှုအခြေအနေများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဟင်္သာတခရိုင် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်း ထိန်းညှိလျော့ချရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ၊ ဆန်စက်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်များမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဟင်္သာတခရိုင် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်( ဟင်္သာတ )