မုံရွာ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ ကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာရန်နှင့် တိုးတက်များပြားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်အနေဖြင့်လည်း မိမိလုပ်ငန်းဆောင်ရွက်မည့်မြေနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိဖို့ရန် လိုအပ်ပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးနေသည့်အတွက် ဥပဒေ၊လုပ်ထုံး လုပ်နည်းများနှင့်ညီပါက တုန့်ဆိုင်းမှုမရှိဘဲ ခွင့်ပြုပေးသွားမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လျာထားချက်ပြည့်မီအောင် ဝင်ရောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြုပ်နှံမှုဖြင့် Taw Win Myanmar Sanyu Co.,ltd က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက် ထားလွှာတင်ပြလာခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် Taw Win Myanmar Sanyu Co.,ltd မှ ဦးစန်းယုက ဝက်မွေးမြူ ရောင်းချခြင်းလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူထုတ်လုပ် ရောင်းချသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက Taw Win Myanmar Sanyu Co.,ltd ၏ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီ ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလာခြင်းနှင့်ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)